Sunday, August 29, 2010

ဆင်ခြေရာလိုတရားတော်

လူတိုင်းလူတိုင်းသည် အမိဝမ်းတွင်းကနေ လူ့လောကထဲကို စတင်ဝင်ရောက်လာခဲ့သော နေ့ ၊ ရက် ၊ အချိန် ကာလလေးတွေကနေ တစ်ဆင့် အသက်တစ်နှစ်ကြီးသွားတိုင်း သြော် ဒီနှစ်ဆိုရင်တော့ ငါ့အသက်ဘယ်နှစ်နှစ် ပြည့်သွားပြန်ပြီဟု ဆင်ခြင်သုံးသပ်မိကြပေလိမ့်မည်။
ကျေးဇူးတော်ရှင် ဗောဓိတစ်ထောင်ဆရာတော်ဘုရားကြီးကတော့ အသက်ဘယ်လောက်ရှိပြီလဲလို့ မေးတော်မူတတ်ပြီး တပည့်တော်ရဲ့ အသက် (၈၀) ရှိပါပြီဘုရားလို့ လျှောက်ထားတဲ့အခါ ဆရာတော်ဘုရားကြီးက ၈၀ ဆိုတာ အသက်ကိုတွက်တာလား ၊ ဘာကိုတွက်လာတုန်းလို့ မေးမြန်းတော်မူတတ်သဖြင့် အချိန်ကို တွက်တာပါဘုရားဟု လျှောက်ထားကြရပါသည် ။အဲဒီလိုဖြေတိုင်း ဆရာတော်ဘုရားကြီး က အမြဲမပြတ်ဆုံးမတော် မူတတ်သည်မှာ -
“အချိန်ဆိုတာ ဒီလိုရှိပါတယ် ... အမိဝမ်းတွင်းမှာ ၀င်လေတို့ ထွက်လေတို့ မရှိသေးဘူး ။ ၀မ်းရဲ့အပြင်ကို ရောက်လာတဲ့အခါမှာတော့ အချိန်ဆိုတာစတင်ပါပြီ ...။ သွားလာလှုပ်ရှားရုန်းကန်နေကြရတဲ့ လူသားတိုင်းဟာ ကျန်းမာနေရင် တစ်နာ၇ီကို ၃၆၁ ရှိတာဟာ ထွက်လေဖြစ်ပြီး ၀င်လေကတော့ ၃၆၀သာရှိပါတယ်...။နှစ်ခုပေါင်းလိုက်တဲ့အခါ ၇၂၁ ရှိသွားပါတယ်။အဲဒါကို မိခင်ဝမ်းထဲက ထွက်စဉ် စခဲ့တဲ့ အချိန်ဖြစ်ပါတယ်...။
ဒီအချိန်တွေကလည်း စက္ကန့်ကနေ မိနစ် ၊ မိနစ်ကနေ နာရီ ၊ နာရီကနေ နေ့ရက် ၊ နေ့ရက်ကနေ လ ၊ လပြီးတော့ နှစ် ၊ အဲဒါတွေအားလုံးကိုပေါင်းလိုက်တော့ အခု မိမိတို့ရောက်ရှိနေတဲ့ အသက်အရွယ်ရဲ့ ဘယ်နှစ်နှစ် ရှိပြီဆိုတာမျိုးကို ရေတွက် သတ်မှတ်ကြပါတယ်...။
ဥပမာ  လူတစ်ယောက်ဟာလူ့ဘ၀မှာ အနှစ်၈၀နေထိုင်ခွင့်ရတယ် ပဲဆိုကြပါစို့ ။ ဒီအသက်ရှစ်ဆယ်ကို ဘုရားလောင်းများနေတဲ့ နေရာဘုံနဲ့ တွက်ကြည့်လိုက်ရင် ... ဘုရားလောင်းနေတဲ့ဘုံမှာ လူ့ပြည်ကနှစ်ပေါင်း တစ်ရာ အသက်တစ်ရာဟာ ဟိုက ခြောက်နာရီသာရှိပါတယ်။တစ်ရက်တောင် မပြည့်ပါဘူး ။ ကိုယ်က အသက် ၈၀လောက်ပဲလူ့လောကမှာ နေထိုင်ခွင့်ရတယ်ပဲထား နှိုင်းယှဉ်ကြည့်ရင် နာရီပိုင်းမျှသာရှိပါတယ်...။လူ့ဘ၀ဆိုတာ တစ်ကယ့်ကို ခဏလေးမှ ခဏလေးပါပဲ။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး မယ်တော်မိနတ်သားကို အဘိဓမ္မာတရားဟောကြားတဲ့အခါမှာ လူ့ပြည့်နဲ့တွက်ရင် ၀ါတွင်းကာလ ၃လလို့ ဆိုကြပေမယ့် တစ်နည်းအားဖြင့် ရက်ပေါင်း ၉၀ လို့တွက်ရပေမယ့် တာဝတိသာစံတော်ချိန်နဲ့ တွက်တဲ့အခါမှာ ၅ မိနစ်နဲ့ ၆ စက္ကန့်သာသာလေးပဲ ရှိပါတယ်...။ အဲဒါကိုပဲ လူ့ဘ၀လို့ ခေါ်ဆိုကြပါတယ်...။
လူ့ဘ၀ရယ်လို့ ရောက်လာကြရင် ကုသိုလ်များများ ရအောင်လုပ်ကြ ၊ ရတနာမြတ်သုံးပါးနဲ့ မိဘဆရာသမားတွေကို ရှိခိုးဦးချတဲ့အခါ အမှတ်တမဲ့နဲ့ ၀တ်ကျေတန်းကျေဦးမချပဲ သမထနဲ့ ဖြစ်စေ၊၀ိပဿနာနဲ့ဖြစ်စေ ... ၀ဋ်ချစရာနှစ်မျိုးရှိပါတယ်...။
အဲဒီအထဲက သမထနဲ့ ၀ဋ်ချနည်းကတော့ -
ဗုဒ္ဓံပူဇေမိ ဗုဒ္ဓံမြတ်စွာဘုရားကို ပူဇေမိ ပူဇော်ပါ၏ ဘုရားဟု စိတ်အာရုံက သက်တော်ထင်ရှား မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဆီကို ရောက်အောင်ထားပြီးမှ တစ်ကြိမ်ဦးချသင့်ပါတယ်...။
ထို့နည်းအတူပဲ - ဓမ္မံပူဇေမိ ဆို၍ မြတ်စွာဘုရားရှင်ဟောကြားတော်မူအပ်သော တရားဒေသနာတော်များကို အာရုံပြုပြီးမှ တစ်ကြိမ်ဦးချပါ..။
ပြီးနောက် သံဃံပူဇေမိ - သမုတိနှင့် အရိယာ နှစ်ဖြာသော သံဃာတော်အပေါင်းကို ပူဇော်ပါ၏ဟူ၍ အာရုံကိုစူးစိုက်ကာ ရိုသေစွာ ၀ဋ်ချခြင်းတို့ဖြစ်ပါတယ်...။တစ်ခါတည်းခြုံမိအောင် ဘုရား တရား သံဃာအားလုံးကို ယခုလို အာရုံပြုဝဋ်ပြုခြင်းကို သမထဖြင့် ၀ဋ်ချခြင်းလို့ ခေါ်ပါတယ်...။
ဝိပဿနာနဲ့ ၀ဋ်ချခြင်းကတော့ - ကမ္မ၀ဋ် ၊ ကိလေသာဝဋ် ၊ ၀ိဘာဂ၀ဋ်ဟု ဆိုအပ်တဲ့ ၀ဋ်ကြီးသုံးပါးကနေ ကင်းလွတ်ရာအမှန် မြတ်နိဗ္ဗာန်ကို ရောက်ရ ရရာပါလို၏ ဘုရား ၊ ကြိုးစားအားထုတ်လွယ်သူ ဖြစ်ရပါစေသား ဘုရားလို့ ရှိခိုးဝဋ်ချခြင်းဟာ ၀ိပဿနာနှင့် ၀ဋ်ချခြင်းဖြစ်ပါတယ်....။
နောက်တစ်နည်းအားဖြင့်လည်း - မမြဲသော ခန္ဓာကိုယ်ကြီးကို ကိလေသာခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော ဘုရား ၊ တရား ၊ သံဃာ များအား လှူဒါန်းပါ၏ဘုရားဟူ၍ ဖြစ်ပြီး ဤသို့တစ်ကြိမ်ဝဋ်ချလိုက်ခြင်းသည် လူတစ်သိန်းအားတို့ကို ထမင်းအစာ ရေအစာ ကျွေးပေးပေးကမ်းလိုက်ရတာနှင့် ထပ်တူညီသော ကုသိုလ်ကိုရသည် ဟု ဆရာတော်ဘုရားကြီးက ဆုံးမဟောကြားတော် မူခဲ့ပါသည်။
မမြဲတဲ့ မိမိတို့ရဲ့ ခန္ဓာကိုယ်ကြီးကို မမြဲဘူးလို့ ဆင်ခြင်လိုက်တာဟာ ၀ိပဿနာဖြစ်သလို
မမြဲတဲ့ခန္ဓာကိုယ် ၊ ကိလေသာ မရှိတဲ့တရားကိုလဲ ဂုဏ်တော်လို့ ဆိုလိုက်တာပါပဲ ။ ကိလေသာ ကင်းကြောင်းဖြစ်တဲ့တရား ကိလေသာ ကင်းပြီးဖြစ်တဲ့ သံဃာတော်တွေ အာရုံပြုတာ သမထရော ၊ ဂုဏ်တော်ပါ ပါဝင်သွားပြီး လှူဒါန်းပါ၏လို့ ဆိုလိုက်တဲ့အတွက် ဒါနရော သမထရော ၀ိပဿနာရောပါ အားလုံး ပါသွားပြီး ဖြစ်ပါတယ်...။
ဘ၀များစွာ သံသရာက စပြီး အခုအချိန်ထိ ဘုရား ၊ တရား ၊ သံဃာ များရဲ့အပေါ်မှာ ကာယကံ အပြစ် ၊ ၀စီကံအပြစ် ၊ မနောကံအပြစ် ဟူသော အပြစ်တွေရှိခဲ့ပါသော် အဲဒီအပြစ်တွေကို ပျောက်အောင် ကန်တော့ကြရပါတယ် ။အဲဒီလို ကန်တော့ကြတဲ့နေရာမှာ ၀မ်းထဲ ကိန်းအောင်းနေတဲ့ မာန်ကို လျှော့ထားရပါမယ် ။များသောအားဖြင့်တော့ ကန်တော့တော့ ကန်တော့ကြပါတယ် မာန်ကိုတော့ မလျှော့ကြပါဘူး ။
ဒါ့ကြောင့် ကျမတို့လို ဘာသာတရားကို လေ့လာလိုက်စားနေဆဲ လူငယ်များအဖို့ အထူးသဖြင့် ဖူးမျှော်မာန်လျှော့ ဆိုတာလေးကို အဓိက မှတ်ထားသင့်ပါတယ်။
ဖူး ဆိုတဲ့ အတိုင်း သက်တောထင်ရှား ဘုရားထိအောင် ဥာဏ်နှင့် ဖူးလိုက် ၊ အာရုံထဲပေါ်လာလိုက်တဲ့အခါ မာန်ကိုပါလျှော့လိုက် ၊ ဒီလိုကန်တော့လိုက်ခြင်းအားဖြင့် ဘ၀များစွာကတင်လာတဲ့ အပြစ်တွေ ၊ အကြွေးတွေ ပျောက်ကင်းစေနိုင်ပါတယ်လို့ ဆရာတော်ဘုရားကြီးက ဟောကြားဆုံးမတော် မူထားခဲ့ပါတယ်။ ဒီလို ကန်တော့လိုက်ခြင်းအားဖြင့် အသက်ရှည်ခြင်း ၊ အဆင်းလှခြင်း ၊ ချမ်းသာကြီးခြင်း ၊ ခွန်အားကြီးခြင်း ၊ ဥာဏ်ပညာကြီးခြင်း အစရှိတဲ့ အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ပါတယ်...။


(ကျေးဇူးတော်ရှင် မဟာဗောဓိတစ်ထောင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တနာရဒ အမြဲတမ်း ဟောကြားဆုံးမတော် မူခဲ့သော ဆင်ခြေရာလိုတရားတော်မှ ကောက်နှုတ်၍ ကျမ၏ ဘလော့စာမျက်နှာလေးအား လာရောက်လည်ပတ်ကြသူများ အားလုံးအတွက် အကျိုးရှိစေရန် ရည်ရွယ်၍ ပြန်လည်ဝေမျှပါသည်...။)

ဆက်လက်ရေးသားဖော်ပြပါမည်။ 


မေတ္တာစိတ်ဓါတ်တရာမြတ်ဖြင့် လွှမ်းပတ်ကမ္ဘာတည်ပါစေ...
နှင်းဟေမာ
29 August 2010 - 2:46 AM

Saturday, August 14, 2010

အချစ်စစ်ဖြင့် ထာဝရ၀န်းရံထားသော ...

မြဲအိပ်ယာထနောက်ကျလေ့ရှိတဲ့ ကျမမျက်လုံးတွေက ဒီနေ့နံနက်မှာတော့ စောစောစီးစီး နိုးနေခဲ့ပါတယ် ...။ ကျမရဲ့မကောင်းတဲ့အကျင့်တစ်ခုက Good Morning Hninn Yay ... ဆိုတဲ့ ကျမရဲ့ နှိုးစက်လေးဆီက အသံတစ်ခုမထွက်မချင်း လူကနိုးနေခဲ့ရင်လဲ အမြဲတမ်း ဆက်အိပ်တတ်တဲ့ အကျင့်လေးတစ်ခုရှိတယ်...။ ထိုအကျင့်လေးကို သိနေခဲ့တဲ့ ကျမရဲ့နှိုးစက်လေးကလည်း Hninn Yay ....လို့ ဒုတိယအကြိမ်မြောက်ထပ်ပြီး နှိုးတတ်ပြန်တယ် .....။ ညက မိုးအနည်းငယ်ရွာထားခဲ့၍လား မပြောတတ် ...ချမ်းစိမ့်စိမ့် အအေးဓါတ်လေးကြောင့် ခါတိုင်းထက်တော့ ကျမရဲ့စိတ်တွေ လန်းလန်းဆန်းဆန်းဖြစ်လို့နေခဲ့တယ်...။
အဲဒီအချိန်မှာ အတွေးထဲ  ဖြတ်ကနဲ သတိရလိုက်မိတာက ...ကျမရဲ့ နှင်းဆီပန်းအိုးလေးကို ရေလောင်းဖို့ ...။ ရုံးတတ်နောက်ကျမှာကိုတောင် သိပ်ပြီးစိုးရိမ်မှုမရှိတတ်ခဲ့တဲ့ ကျမက ... ကျမအမြတ်နိုးဆုံးနှင်းဆီပန်းအိုးလေးကိုတော့ ရေအေးအေးလေးလောင်းချင်တဲ့ ဆန္ဒလေးတစ်ခုက အလိုလိုရောက်လာခဲ့တယ်....။
မင်္ဂလာရှိတဲ့ နံနက်ခင်းတွေတိုင်းမှာ  နှင်းရေ... ဆိုတဲ့ နှုတ်ဆက်သံလေးကို ကျမ ကြည်နူးနှစ်သက်စွာ လက်ခံရယူရင်း ...နှင်းဆီပန်းအိုးလေးရှိရာ ဧည့်ခန်းဘက်ကိုထွက်လာခဲ့လိုက်တယ် ...မည်သူတစ်ဦးတစ်ယောက်ဆီကမှ လက်ဆောင်ပစ္စည်းရယ်လို့ မှတ်မှတ်ရရ မရှိခဲ့ဘူးတဲ့ “မေသူနှင်း ..လို့ခေါ်တဲ့ ကျမရဲ့ ဘ၀မှာ.... ကျမ ဘယ်အရာကိုများ လက်ခံရရှိရင် နှစ်သက်ကြည်နူးနိုင်မလဲလို့တော့ ခဏ ခဏတွေးဖြစ်ခဲ့ပါရဲ့ ....။ 
ကျမက ဟိုး ... ငယ်ငယ်ကတည်းက စိတ်ကူးယဉ်ဆန်တတ်သလို ... ဖြစ်ချင်တာ လိုချင်တာတစ်ခုကိုလဲ ခေါင်းမာစွာလုပ်တတ်တဲ့ အကျင့်ဆိုးလေးတစ်ခုကိုတော့ ပိုင်ဆိုင်ထားခဲ့လေရဲ့....။အဲဒီစိတ်ဓါတ်လေးတစ်ခုကြောင့်ပဲ ကျမဘ၀မှာ မထင်မှတ်တဲ့အခြေအနေတွေနဲ့အတူ ကြီးမားတဲ့ အပြောင်းအလဲတွေကို ကျမ အမြဲရင်ဆိုင်ခဲ့ရပါတယ် ....။
ကျမက သိပ်ပြီး ကဗျာဆန်ဆန်လေးတွေကို နှစ်သက်တတ်သလောက် ကျမသိပ်ချစ်ရတဲ့ သူကတော့ ဘယ်တုန်းကမှ ကဗျာဆန်ဆန်နဲ့ ကျမကိုမချစ်ပြတတ်ခဲ့ပါ ....။ အမှန်တစ်ကယ်တော့ ကျမ နှင်းဆီပန်းအိုးလေးတွေ သိပ်လိုချင်တယ်ဆိုတာကို သူ့ကို အကြိမ်အကြိမ်အခါခါ ပြောပြဖြစ်ခဲ့ဘူးတယ် ....။ တစ်ခါတစ်ရံမှာတော့ တော်တော် အလိုက်မသိရကောင်းလား ဆိုပြီး ....
"အစ်ကို .. ကျမကို နှင်းဆီပန်းအိုးဝယ်ပေးမှာလား ကျမ ကိုယ်တိုင်ပဲသွားဝယ်ရမလား ” လို့ပဲ ပွင့်ပွင့်လင်းလင်း မေးလိုက်ရတော့တယ်... ။
အဲဒီတော့မှပဲ ရုံးကနေ စောစောစီးစီးပြန်လာပြီး Thomson Road မှာတည်ရှိတဲ့ Good Wood Florist လို့ခေါ်တဲ့ အိပ်မက်စိတ်ကူးထဲက ပန်းခြံလှလှလေးတစ်ခုတည်ရှိရာကို ပို့ပေးပြီး ကျမနှစ်သက်တဲ့ နှင်းဆီပင်လှလှလေးတစ်ပင်ကို သူကိုယ်တိုင်ရွေးချယ်ပြီး ၀ယ်ပေးခဲ့ပါတယ် ... ။
ကျမက သူ့မျက်နှာရဲ့ အရိပ်အကဲလေးတစ်ခုကိုဖမ်းပြီး ... သူဘာဖြစ်နေသလဲဆိုတာကိုတောင် အသေးစိတ် နားလည်ခံစားပေးတတ်သလောက် ... သူကတော့ ကျမနဲ့ပတ်သတ်တဲ့အသေးစိတ်လေးတွေကို သိပ်ပြီး ဖတ်ရှုတတ်ပုံမရပါ ...။ ဘယ်လိုပဲဖြစ်ဖြစ် သူက ကျမလောက် ကဗျာဆန်ဆန် မချစ်တတ်ပေမယ့် ....အရာအားလုံးထက် ...သူ ကျမကို သိပ်ချစ်သည်ဆိုတာကိုတော့ ကျမ အကြွင်းမဲ့ နားလည်ခံစား၍ ရပါသည် ... ။

ဘ၀မှာ ဘယ်အရာပဲလုပ်လုပ် အခက်အခဲတွေအမျိုးမျိုးနဲ့အတူ ရင်ဆိုင်ပြီးကာမှ အောင်မြင်မှုတစ်ခုကို ခက်ခက်ခဲခဲရလေ့ရှိတတ်တဲ့ ကျမရဲ့ကံကြမ္မာတစ်ခုဟာ ဆူးတွေအများကြီးကြားကနေ နူညံ့လှပစွာအသက်ဝင်ရတဲ့ နှင်းဆီပန်းတစ်ပွင့်နဲ့ အလားသဏ္ဍာန်တူသည်ဟု ကျမ ထင်ပါသည် ....။
ဒါ့ကြောင့်ကျမဘ၀နဲ့ ထပ်တူနီးပါးကျတယ်လို့ ခံစားလို့ရတဲ့  နှင်းဆီပန်းတွေဆိုရင် အရမ်းခရေဇီဖြစ်သလို ... အရမ်းလဲ တန်ဖိုးထား မြတ်နိုးပါသည် ...။ 
တစ်ခါတစ်ရံမှာ... အရာအားလုံးကိုခဏ မေ့ပြီး ကျမသိပ်မြတ်နိုးတဲ့နှင်းဆီပန်းရနံ့လေးကို အားပါးတရ ရှူရှိုက်ချင်မိသည် ....။ နှင်းဆီပန်းရဲ့အလှဟာ ရဲရင့်တည်ငြိမ်သလို... သူ့ကိုယ်သူလဲ ယုံကြည်ချက်အပြည့်အ၀ရှိသည်ဟု ကျမခံစားလို့ရပါသည် ...။ဘယ်လိုပဲဖြစ်ဖြစ် ဆူးခက်တွေရဲ့ကြားမှာ အားမာန်အပြည့်ရှိစွာနဲ့ မဟာဆန်ဆန်လှပတဲ့ ပန်းတွေဖြစ်လို့ နှင်းဆီပန်းတွေကို  ကျမ သိပ်ချစ်ပါသည် ...။

တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့..ကျမတို့ နှစ်ယောက်ကြားမှာ  ပြဿနာဖြစ်တယ်ဆိုတာ သိပ်ကိုရှားပါးလှပါတယ် ...။ ကျမက အရာရာကို သွေးအေးစွာ ကိုင်တွယ်ဖြေရှင်းတတ်သလောက် ... သူကတော့ ကလေးတစ်ယောက်လို ဆူပူသောင်းကျန်းပြီး ဖြေရှင်းရမှ ကျေနပ်တတ်သူဖြစ်တယ်...။သွေးပူတတ်လွယ်တဲ့ သူ့အမူအရာဟာ ကျမအတွက်တော့ အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်လို တစ်မျိုးချစ်စရာကောင်းလို့ နေခဲ့ပြန်တယ် ....း)
ပစ္စည်းတစ်ခုကို ၀ယ်တဲ့အခါတိုင်း အင်မတန်ချေး(ဂျီး) များတတ်တဲ့ကျမကိုတော့ သူအမြဲစိတ်ရှည်ပြီး သီးခံလေ့ရှိပါတယ်...။ ရံဖန်ရံခါဆိုသလို စိတ်ကောက်တာ ပြန်ချော့တာလေးတွေ ရှိပေမယ့် ကြီးမားတဲ့ကွဲလွဲချက်မျိုးတွေသိပ်မရှိလှတဲ့ သူနဲ့ကျမရဲ့ အကျင့်စရိုက် တော်တော်များများကတော့  ခွဲခြားလို့မရအောင် တစ်သားထဲကျနေပြီးသား ဖြစ်နေပြန်ပါတယ် ....။

11 August ...

“နှင်း... ဒီနှင်းဆီပန်းတွေထဲမှာ အ၀ါရောင်လေးက အလှဆုံးပဲ .. ဒါလေးပဲယူလိုက်နော် ”
သူ့လက်ထဲမှာ ပါလာတဲ့ နှင်းဆီအိုးလေးထဲမှာ အ၀ါရောင်ရှိတဲ့ နှင်းဆီပွင့်ဖတ်လေးတွေက နုညံ့လှပလို့ နေခဲ့တယ် ... ။
ဘယ်အရာမဆို သူကြိုက်ရင်ပြီးရော အကုန်လိုက်ပြီး ခေါင်းငြိမ့်တတ်တဲ့ ကျမကတော့ ....
“ဟုတ်ကဲ့ အစ်ကို ...  ဒါလေးပဲ ယူလိုက်မယ်နော် ” ဆိုပြီး  ပန်းအိုးလေးကို ပွေ့ပြီး ငွေရှင်းကောင်တာဘက်ကို ထွက်သွားတဲ့ သူ့နောက်ကို လိုချင်တာရလိုက်တဲ့ ကလေးငယ်တစ်ယောက်လိုပဲ ပျော်ရွှင်စွာလိုက်သွားလိုက်ပါသည် ....။
ကျမ သိပ်မြတ်နိုးရတဲ့ အဲဒီနှင်းဆီပန်းတွေကို ....ကျမ သိပ်ချစ်ရတဲ့လူတစ်ယောက်ဆီကနေ ဘ၀မှာပထမဆုံး လက်ခံရရှိခဲ့ဘူးတာဖြစ်လို့ ...အဲဒီနေ့ဟာ ကျမဘ၀ရဲ့ အမှတ်တရရက်စွဲတွေထဲက နေ့ရက်တစ်ရက် အဖြစ်  အမြဲထာဝရ ရှိနေပါလိမ့်မည် ....။
ဘယ်အရာကိုမှ ကြိုတင်မှန်းဆလို့ မရနိုင်ကြတဲ့ ကျမတို့လူ့ဘ၀တွေရဲ့ကံကြမ္မာဟာ... တစ်ခါတစ်ရံမှာတော့ ကြောက်စရာကောင်းလောက်အောင်ပဲ ဆန်းကြယ်တတ်ပြန်ပါတယ် ...။ပတ်ဝန်းကျင် အသိုင်းအ၀န်းတစ်ခုနဲ့တူတဲ့ နှင်းဆီဆူးခက်တွေရဲ့ကြားမှာ ရုန်းကန်လှုပ်ရှားရင်း တစ်ယောက်ကိုတစ်ယောက် ဖေးမအားပေးကာ ချစ်ခဲ့ကြရတဲ့ ကျမတို့ ချစ်သူနှစ်ယောက်၏ ဘ၀တွေနှင့် ကံကြမ္မာကို ကျမတို့ မမြင်တွေ့နိုင်ကြပါ...။သို့သော်...  ကျမတို့ အသက်ရှင်နေထိုင်ခွင့်ရတဲ့ နေ့စွဲတွေအထိ ဆူးခက်တွေကြားက နှင်းဆီပွင့်ဖတ်လေးတွေ ရဲရဲဝံ့ဝံ့ လှပနေခဲ့သလို ကျမတို့နှစ်ယောက်ရဲ့ အစစ်မှန်ဆုံးချစ်ခြင်းတွေကလည်း အလားသဏ္ဍာန်တူညီစွာဖြင့် အခက်အခဲတွေအမျိုးမျိုးကြားက ရဲဝံ့စွာ ...အသက်ဝင်တောက်ပစွာဖြင့်  ကမ္ဘာမြေ၏ တစ်ထောင့်တစ်နေရာရာမှာ တင့်တည်စွာ လှပခွင့် ရလိမ့်ဦးမည်ဟု ကျမအပြည့်အ၀ ယုံကြည်လက်ခံထားခဲ့ပါသည် ...။


ကျမရဲ့အတွေးနဲ့စိတ်ကူးယဉ်ခံစားမှုသက်သက်တို့ ပေါင်းစပ်ပြီးရေးဖွဲ့ဖြစ်သော ၀တ္ထုတိုလေးတစ်ပုဒ်ဖြစ်လို့ အချိန်ပေးပြီး လာရောက်ဖတ်ရှုကြသော ...
ကျမနဲ့ထပ်တူထပ်မျှ မျှဝေခံစားပေးသော ...ကျမရဲ့ မောင်နှမများအားလုံးကို အထူးပဲ ကျေးဇူး တင်မိပါတယ်....။

ချစ်ခင်လေးစားစွာဖြင့် ~
နှင်းဟေမာ