Thursday, June 25, 2009

ကျမ နှင့် ထွေရာလေးပါး

ခုတလောမှာ အလုပ်ရှုပ်နေချက်ကတော့ လောကကြီးကို တောင်တော်တော် စိတ်ကုန်မိပါရဲ့...။ မနက်မိုးလင်းတာနဲ့ ရုံးသွားဖို့ ပြင်ရ၊ဆင်ရ၊ ရုံးရောက်တော့လည်း တစ်စက်လေးမှကို နားရတယ်မရှိပါဘူး.....။ အလုပ်က ခက်ခဲပင်ပမ်းတဲ့ အရာတွေ မဟုတ်ပေမယ့် တော်တော်လေးတော့ စိတ်ပင်ပမ်းမိတာအမှန်ပါပဲ...။လူကသာ ဘာမှမဟုတ်တာ ခုတလော တက်လိုက်ရတဲ့ သင်တန်းတွေ၊ တက်လိုက်ရတဲ့ အစည်းဝေးတွေ .... ဆိုတာလည်း သောက်သောက်လဲ။ ရုံးကပြန်လာတော့လည်း မနားတမ်းကျောင်းကို ပြေးရပြန်ပြီ...။ ကျောင်းချိန်က ည ၇း၀၀ နာရီကနေ ၁၁း၀၀ နာရီထိ ဆိုတော့ ညနေ ၅း၃၀ ရုံးဆင်းတာနဲ့ ကမန်းကတန်းပြေးရ ..... ကျောင်းကနေ အိမ်ကို အချိန်မတော်မှပြန်ရောက်တော့ သူများတွေအိပ်နေတာကို နိုးမှာစိုးလို့ သူခိုးဝင်သလို ချောင်းပြီးဝင်ရပြန်တယ်...။ အနှောက်အယှက်ဖြစ်မှာစိုးတာနဲ့ မီးကိုလည်း မဖွင့်ချင်တော့ဘူး အဲဒါနဲ့ပဲ အမှောင်ထဲမှာ စမ်းတ၀ါးဝါးလှုပ်ရှားရင်း လူလဲ ငတက်ပြားဖြစ်မှန်းမသိ ဖြစ်နေတော့တယ်လေ...။
ဒီကြားထဲ ငြိမ်ငြိမ်မနေတက်တဲ့ ဗီဇလေးကြောင့် ဒီလောက်မအားလပ်တဲ့ကြားကပဲ ဘလော့ လောကထဲကို ၀င်ဖြစ်အောင်ဝင်လာခဲ့ ပြန်ပြီ....။ပြီးခဲ့တဲ့နှစ်ကလည်း နည်းနည်းအစမ်းသဘောနဲ့ ကြိုးစားကြည့်လိုက်သေးတယ် ....။ အချိန်မရှိတာနဲ့ပဲ ဖြစ်ဖြစ်မြောက်မြောက် မရးနိုင်ခဲ့ဘူး .... ။ ကျမနှစ်သက်မိတဲ့ မရွှေပြည်သူ ၊နိုင်းနိုင်းစနေ ၊ မမ အိမ့်ချမ်းမြေ့၊ကိုရွာသားလေး YTU ၊ ကိုရွက်ဝါ ၊ ပန်းမြို့တော် ၊ ကိုအောင်ဦး ၊ ရာမည ဖိုးလပြည့် နဲ့ ကိုရန်အောင် တို့ဆီကိုတော့ အားရင်အားသလို အလည်သွားဖြစ်ခဲ့တယ် ....။ ၀ါသနာ ပိုးက မသေသေးတော့လည်း စာပြန်ရေးချင်တဲ့စိတ်က ခဏ ခဏ ထနေပြန်တယ် ......။ အဲဒါနဲ့ပဲ ကဲ ...မထူးတော့ ပါဘူး အားရင်အားသလိုလေးပဲ ပုံမှန်ရေးနိုင်အောင် ကြိုးစားတော့မယ်ဆိုပြီး ပြန်ရေးဖို့ စခဲ့ရပါတယ် .....။
ဒီဘလော့လေးဖြစ်မြောက်ဖို့ကလည်း ထင်ထားသလောက် မလွယ်ပြန်ဘူး..... ကိုရန်အောင်နဲ့ ဖိုးလပြည့်တို့ ဆီက ဘလော့နဲ့ ပတ်သတ်တဲ့ နည်းပညာလေးတွေ ယူရ....ပန်းမြို့တော် ဆီက အကူအညီတွေယူရ နဲ့ တော်တော်လက်ဝင်တဲ့ အလုပ်ကြောင့် အချိန်တွေလည်း ပေးလိုက်ရပြန်တယ်....။ အဲဒါနဲ့တင်မပြီးသေးဘူး အကျည်းတန် မှန်ကြိုက်ဆိုသလိုမျိုးပေါ့ ကိုယ်ကသာမလှတာ ကိုယ့် ဘလော့လေးကိုတော့ သူများတွေလာလည်ကြရင် ကြည့်ပျော်ရှုပျော်လေးတော့ ဖြစ်စေချင်သေးတာလေ...။ အစကတည်းကလည်း မရွှေပြည်သူ ရဲ့ ပရိတ်သတ်တစ်ဦ်းဖြစ်လေတော့ သူ့ရဲ့ ဘလော့အိမ်လေးကိုလည်း မျက်စေ့ထဲမှာ စွဲနေပြန်သေးတယ်....။ သူနဲ့ခပ်ဆင်ဆင်လေးတူတဲ့ တန်းပလိတ်လေးတစ်ခု ဖြစ်လာဖို့ တက်သမျှ မှတ်သမျှလေးနဲ့ ဖန်တီးခဲ့ရပါတယ်......။ အဲဒီကနေ အစပြုလို့ ဆိုပါတော့ ကျမ တစ်ယောက်လည်း ဟောဟဲ ... ဟောဟဲ ဆိုက်ပြီးတော့ကို ဘလော့ လောကလေးထဲသို့ ရောက်ရှိလို့ လာခဲ့ပြန်ပါတယ်.....။
နောက်ကိစ္စကတော့ နောက်မှပဲရှင်းမယ်လို့ ဆုံးဖြတ်ထားတဲ့အတိုင်း အရင်ကစုထားဆောင်းထားတာလေးတွေနဲ့ နှင်းဟေမာ ရဲ့ဘ၀ကို တစ်ကပြန်စ လိုက်ရပါတယ် .......။ကျမရဲ့ အိမ်လေသို့ လာရောက်လည်ပတ်ကြသူ အားလုံးကို နွေးထွေးစွာကြိုဆိုလျှက်ပါ......။ ပြောချင်တာလေးတွေရှိရင်လည်း Commentချန်ထားပေးခဲ့ကြပါရှင်......။


နှင်းဟေမာ
25 JUN 2009

2 comments:

Anonymous said...

စာတွေဆက်ရေးနိုင်ပါစေ....

ငတုံး said...

အားပေးနေပါတယ်..ထွေရာလေးပါးတွေကိုဖတ်ရတာကြိုက်တယ်..အမ