Thursday, June 18, 2009

တမ်းတသူဧ။် မှတ်တမ်း........


(၁)
“မန္တလာမြေ၏ နွေရာသီတစ်ခုမှာ သူနဲ့ကျွန်မတို့ မဆုံဆည်းခဲ့ကြဘူးဆိုလျှင် သူ့ကို လဲ ကျွန်မရင်ထဲမှာ ယနေ့ထက်ထိမှတ်မှတ်ရရ ရှိနေလိမ့်ဦးမည် မဟုတ်ပါ...။တိုက်ဆိုင်မှုလေးတွေရှိတိုင်း ရင်ထဲမှာ သတိရဖြစ်ရင် အသစ်အသစ်တွေ ပြန်ပြန်ဖြစ်လွန်းလှသည်...။ သူနဲ့ပတ်သက်တဲ့ အရာအားလုံးကို မေ့ပျောက်နိုင်ဖို့ ဆိုတာ...ကျမအတွက်တော့ ခက်ခဲပင်ပမ်းလွန်းတယ်လေ...။ ခုတစ်ခါလည်း မမျှော်လင့်ပဲနဲ့ သူအရိပ်တွေ ထာဝရ မပျောက်ကွယ်နိုင်တဲ့ နေရာလေးတစ်ခုကို ရောက်လာဖြစ်ခဲ့ပြန်ပြီ.....။ နေကလဲ အရမ်းပူပြင်းနေပြီး ကျွန်မတို့ အထက်တန်းတုန်းက ကျေင်းသားဟောင်းတွေ ရဲ့ ဆရာကန်တော့ပွဲနှင့် ... ငယ်သူငယ်ချင်းတစ်တွေပြန်လည်စုစည်းကြတဲ့ ပွဲလေးပြုလုပ်ကြမှာဖြစ်ပြီး...။ အစစအရာရာကို သူငယ်ချင်း ဖိုးချမ်း တို့ကပဲ ဦးဆောင်ဦးရွက်ပြုလုပ်နေပုံရပါသည်။သူက ဆရာဝန်လေး တစ်ဦးဖြစ်တဲ့အပြင် မန်းမြို့ရဲ့ နံမည်ကြီး မုန့်တိုက်ပိုင်ရှင် ဆိုတော့ လူအင်အား၊ကားအင်အား တို့ကို လဲ...အထက်တန်းကျောင်းသားဘ၀ကတည်းက လိုအပ်တဲ့အချိန်တိုင်း...ပွဲတွေပြုလုပ်ကြတိုင်း မငြီးမငြူပဲ အမြဲ ဖြည့်ဆည်းခဲ့သူလည်းဖြစ်တယ်...။ အားလုံးစုံညီမဲ့ အချိန်ကိုစောင့်ပြီး သူတို့ရဲ့တစ်ကူးတစ်က ကြိုးပမ်းထားမှုကြောင့်က တစ်ကြောင်း၊ ကျွန်မလဲ မရောက်တာကြာပြီဖြစ်တဲ့ ငယ်ငယ်က နေရာဟောင်းလေးတစ်ခုကို အပြီးတိုင်နှုတ်ဆက်ခဲ့ချင်တာက တစ်ကြောင်းကြောင့် မအားလပ်တဲ့ကြားကပဲ သွားဖြစ်အောင် ကြိုးစားခဲ့ရတော့သည်......။ ခရီးရောက်မဆိုက်... ဧည့်ခံရေး အစီအစဉ်အတွက် ဈေးဝယ်ဖို့ တာဝန်တော့ ကျလာပြီလို့ ထားထား က ၀မ်းသာအားရလာပြောရင်း “မိုး ရေ ... အထက်တန်းကျောင်းသူဘ၀က ငယ်သူငယ်ချင်းတွေနဲ့ မန်းမြို့ဈေးကို တို့ ငယ်ငယ်တုန်းကလိုပဲ ပျော်ပျော်ရွှင်ရွှင်သွားကြရအောင်နော်... ”တဲ့...။ ဟုတ်ပါတယ်လေ.....ခုလိုမျိုးတစ်ကူးတစ်ကကြီးပြန်လည် ဆုံတွေ့ကြဖို့ဆိုတာ လွယ်မှမလွယ်ပဲ.......ခုလို အချိန်လေးဟာကျမတို့ သူငယ်ချင်းတွေအတွက် ဘယ်လောက်တောင် ရင်ခုန်စရာ.... ကြည်နူးစရာကောင်းလိုက်သလဲ....။ကျမ ရင်ထဲမှာလည်း ဘယ်တော့မှပြန်လည်မရနိုင်တော့တဲ့ ငယ်ဘ၀ရဲ့ အငွေ့အသက်လေးတွေကို ပြန်လည်ခံစားလိုက်ရလိုက်ပါသည်...။ ဖြစ်ချင်တော့ သွားရမဲ့လူက များပြီး ဆိုင်ကယ်က မလောက်မင ဖြစ်နေတာနဲ့...ဖိုးချမ်းကပဲ ကားတစ်စီးစီစဉ်ပေးဖို့ သူ့အိမ်ကို ဖုန်းဆက်နေပြီ..။ ဆရာကြီး ကပါ အိမ်ထဲက နေထွက်လာပြီး .....
“ဈေးဝယ်မဲ့လူတွေ ဒီနေ့က နေအရမ်းပူတယ်ဟေ့ ကားနဲ့ပဲသွားကြတာပိုကောင်းတယ် ” လို့ ပြုံးရွှင်စွာ စကားဆိုနေသည်...။ တစ်ခါက သူ့ရဲ့ဆံကေသာကို အုန်းဆီရွှဲရွှဲလိမ်းပြီး အမြဲသ နေတက်တဲ့ ဆရာ....ခုတော့လဲ ဆေးအရောင် ကူမထားတဲ့ ငွေမှင်ယောင် ဆံပင်ဖြူဖြူတွေက နေရာယူလို့ပါလား ... အမြဲတမ်း စိတ်မြန်လက်မြန်နဲ့ တက်ကြွဖျတ်လတ်နေတဲ့ ဆရာ ခုတော့လည်း ခါးတွေတောင် သိသိသာသာ ကိုင်းနေပါရောလား ....။ ဇရာသာ အိုမင်းရင့်ရော်ခဲ့ ပေမယ့် ဆရာ့မေတ္တာတွေကတော့ အရင်ကအတိုင်း နုပျိုလန်းဆန်းနေဆဲ...သူကသာ မြေဖြူပေပေ ပုဆိုး စိမ်းခပ်နွမ်းနွမ်းကို မလဲတမ်းဝတ်တက်ပေမယ့် ...သူတပည့်တွေ တော်ကြောင်း တက်ကြောင်းနဲ့ ဘယ်တပည့်ကတော့ ဘယ်လိုတော်တာ၊စသည်ဖြင့် ...ခေါင်းမော့ ရင်ကော့ ပြီး အားပါးတရ မမောတမ်း ပြောတက်ပြန်သည့် ဆရာ....တပည့်တွေ အပေါ်မှာ သံယောဇဉ်ကြီးရှာလွန်းသော အထူးသဖြင့် သူ့ကို သိပ်ချစ်သော ဆရာလည်း......ဖြစ်သည် ။

(၂)

ဈေးသွားရန်အတွက် ကျမတို့ သူငယ်ချင်းတစ်စု တမာပင်ရိပ်က ခုံတန်းယားလေးမှာပဲ လာကြိုမည့် ကားကို ထိုင်စောင့်နေကြရသည် ....။ နေကသာပူနေပေမယ့် ... လေကလေးက တစ်ဖြူးဖြူးနဲ့ အေးမြလန်းဆန်းပြီး တမာပန်းတို့ရဲ့ ရနံ့လေးတွေကလဲ သင်းထုံ မွှေးပျံ့နေလိုက်တာ... ရင်ထဲမှာလဲ တစ်စုံတစ်ဦးကို မတွေးမိအောင် ထိန်းချုပ်နေတဲ့ကြားက သတိရလာပြန်ပါသည်....။ ဒီလို အချိန် ဒီလို အငွေ့အသက်လေးတွေကိုရရင်....ဒီသူငယ်ချင်းတွေနဲ့ ပြန်ဆုံဆည်းရင် .... နင့်ကိုမှ ပိုချစ်တဲ့ ငယ်ဆရာတွေကိုတွေ့ရင်....ငါ နင့်ကို အရမ်းလွမ်းတယ် ကောင်း ရယ်.... တစ်ပြိုင်တည်း ဖြစ်ပေါ်လာတဲ့ ရင်ထဲက ခါးသီးတဲ့ နာကျင်မှု......သည်းသည်းထန်ထန် ငိုချပစ်ချင်လောက်အောင် သတိရလွမ်းဆွတ်မှု......ဖော်မပြနိုင်တဲ့ ခံစားမှုတွေ.....။
“မိုး ...ငါ နင့်ကို သိပ်ချစ်တာပဲ သိလား ... အညာနွေ ဘယ်လောက်ပဲပူပါစေ....ဒီတမာပင် လေးအောက်မှာ သနပ်ခါး ပါးကွက်ကျားလေးနဲ့ နင့်မျက်နှာလေးကိုမြင်ရရင်လေ ငါ့ ရင်ထဲမှာအေးချမ်းသွားတာပဲ...” တဲ့..... အောင်စာရင်းတွေ ထွက်ပြီးကာစက ကျောင်းတွေ တက်ဖို့ စောင့်နေကြရတဲ့ အချိန် ... သူငယ်ချင်းတွေ စုပြီး ဆရာကြီးအိမ်ကို လာကြတဲ့ တစ်နေ့က ....သူ ပြောခဲ့ဘူးတဲ့ စကားလေးဖြစ်သည် ...။ယနေ့ထိ ပြန်လည်ကြားယောင်ဆဲပဲ...ကောင်း ရယ်...။ တက္ကသိုလ် ပထမနှစ်ပြီးကာစ က လဲ....ဒီမှာ တစ်ကြိမ် ထပ်လာဖြစ်ကြတယ် ... သူကပဲ ကျမ ကို အဲဒီနေ့မှာ “စောစောလာခဲ့ နော် မိုး .. အားလုံး မရာက်ခင် နင့်ကို လက်ဆောင်ပေးမလို့ ဟု ...စ သလိုလိုနှင့် ကြိုတင်ချိန်းဆိုလာခဲ့တယ်...။စာမွေးပွဲပြီးကတည်းက ဖျားနေတဲ့ ကောင်း တစ်ယောက်လဲ ဘာတွေ အဆန်းလုပ်ချင်နေသည် မသိပါ...။ ကျောင်းဖွင့်တော့ မှာပဲဟာ နင်ကလဲ မတွေ့ရမဲ့ လူတွေကျနေတာပဲ...ဟု ပြန်ပြောဖြစ်ခဲ့တော့ သူကဘာမှပြန်မပြောပဲ ပြုံးလို့သာနေခဲ့သည်....။ အဲ့ဒီ့နေ့မှာ နေတွေ ပူနေတယ်...။ထိုင်နေကျ ဒီတမာပင်လေးအောက်မှာပဲ ကောင်း ကို ထိုင်စောင့်နေလိုက်သည်...။ တစ်ခါတစ်လေသူ စီးနေကျ ကားဖြူလေးနဲ့ နောက် ၁၀ မိနစ်လောက်နေမှပဲ ရောက်ချလာသည်...။ အ၀ါနုရောင် အကွက်စိပ်စိပ် ရှပ်လက်တိုလေးနဲ့ စိမ်းဝါရောင် ပုဆိုးကွက်စိပ်လေးကို ၀တ်ထားတဲ့ အဲဒီ့နေ့က သူ့ပုံစံ လေးကို ပြန်လည်မြင်ယောင်လာမိပြန်သည်...။ ဒီနေ့ ဘာလို့ ကားနဲ့လာတာလဲ ကောင်း ... ထူးထူးဆန်းဆန်းပါလား....”လို့ ကျမက မေးတော့ “နေမကောင်းသေးဘူးလေ မိုး ရဲ့ ဆိုင်ကယ်စီးရင် အအေးမိပြီး ပြန်ဖျားရင် ဘယ်လို လုပ်မလဲ ..... “ဒီနေ့က အရေးကြီးတယ် .... မိုး ကို ပေးစရာလဲ ရှိ ၊ ပြောစရာလည်း ရှိလို့ .... ”တဲ့......သူပေးခဲ့တဲ့ လက်ဆောင်လေးက ဘာမှတော့ ထူးထူးခြားခြား မဟုတ်ခဲ့ပါ.....ပန်းနုရောင် ပို့စ်ကဒ်လှလှလေး မှာ သူ့ရဲ့ မညီမညာလက်ရေးလေးနဲ့ “အညာနွေကို ချစ်သလို .... တမာပန်းရနံ့လေးတွေ ကို မြတ်နိုးသလို .... ကျွန်တော် မိုး ကို သိပ်ချစ်တယ်....”ဆို တဲ့ စာကြောင်းလေး တစ်ကြောင်း ......သာဖြစ်သည်...။သူ နဲ့ ကျမ တို့ နှစ်ယောက်ရဲ့ သံယောဇဉ်ကြိုးလေးဟာ အဲဒီနေ့ မှာ တစ်ယောက်ကို တစ်ယောက် ဘယ်တော့မှမခွဲကြေးနော်လို့ သစ္စာတိုင်တည်ပြီး အချစ်ဆုံး သူငယ်ချင်းတွေကနေ ချစ်သူတွေဘ၀ကို ပြောင်းလဲခဲ့ကြတယ် .....။ ချစ်သူတွေဖြစ်ပြီးနောက်ပိုင်း ဒုတိယနှစ်ကိုရောက်လာတော့ စာတွေအတူတူကြည့်၊ ထမင်းအတူတူစား၊ ကျောင်းသွားကျောင်းပြန်က အစ အတူတူ သွားဖြစ်ကြတော့တယ် ...။သီချင်းလုံးဝမဆိုတက်တဲ့သူက ကားမောင်းနေရင်း ကျမကို သီချင်းဆိုပြဖို့ ခဏ ခဏ တောင်းဆိုတက်သည်...။ကျမကလည်း အစ ကတော့ ကြောင်တောင်တောင်နဲ့ ရှက်စရာကောင်းတယ်လို့ ထင်မိပေမဲ့ နောက်တော့လည်း ချစ်သူရဲ့နံဘေးမှာ သီချင်းလေးတွေ ငြီးနေရတာတဲ့ အချိန်လေးတွေကိုပင် တစ်ဖြေးဖြေး နှစ်သက်မက်မောလို့ လာခဲ့ပါတယ်..။သူ့ကိုကြည့်လိုက်ရင်လည်း တည်ငြိမ်အေးချမ်းတဲ့ အပြုံးလေးနဲ့ ကျေနပ်စွာ နားထောင်နေမြဲ...။ချစ်သူသက်တမ်းတစ်လျှောက်မှာလည်း ကျမက အလိုမကျတာတွေ့ရင် ပူညံပူညံလုပ်သလောက် သူကတော့ အမြဲတမ်း စိတ်ရှည်သည်းခံပြီး ကျမ ကို ချော့မော့နှစ်သိမ့် ခဲ့ပါတယ်..။ကျမရဲ့ လိုအပ်ချက်မှန်သမျှကို သူကပဲ အမြဲဖြည့်ဆည်းပေးခဲ့သလို သူမကြိုက်တဲ့ ကျမရဲ့ မွေးရာပါ စရိုက်တစ်ချို့ကိုလည်း သူကပဲမရ ရအောင် ပြုပြင်ပေးခဲ့ပါသည်...။sundayလိုကျောင်းပိတ်ရက်တွေမှာသူကဦးဆောင်ပြီးကျမတို့သူငယ်ချင်းတစ်စုမိဘမဲ့ဂေဟာ၊ဘိုးဘွားရိပ်သာ၊သံဃဆေးရုံစတဲ့ နေရာတွေမှာ အလှည့်ကျကုသိုလ်ဒါနပြုကြသည်။ တတိယနှစ်စာမေးပွဲတွေဖြေပြီးတော့ ကျမလည်း အိမ်ကို ခဏပြန်မယ်ဆိုတော့ သူကပါ အိမ်ကိုလိုက်လည်ချင်တယ်လို့ ပြောလာခဲ့တယ်...။သူက ကျမဘ၀နဲ့ ကျမကျင်လည်ခဲ့ဘူတဲ့ ပတ်ဝန်းကျင်၊ဒေသလေးကို စိတ်ဝင်စားသလို ကျမကလည်း သူ့ကို ခေါ်သွားချင်ပါသည်...။ သို့သော်... နယ်က ကျမမိဘတွေ... ကျင်းမြောင်းလှတဲ့ နယ်ပတ်ဝန်းကျင်က ရှိသေးပြန်တော့ သူငယ်ချင်း၅ယောက် ကိုပါ ခေါ်သွားဖို့ စီစဉ်ရတော့သည်...။
ကျမတို့ ရဲ့ဒေသလေးမှာ သူငယ်ချင်းအားလုံး ပျော်ရွှင်ခဲ့ကြပါတယ်..။သူ့ကိုကြည့်ရတာလည်း တက်ကြွရွှင်လန်းပြီး ရွာမှာနေထိုင်ခဲ့ရတဲ့ နေ့ရက်လေးတွေကို ပဲ တသသ ပြောမဆုံးဖြစ်နေပြန်တော့ ...ကျမလဲ ကြည်နူးဝမ်းသာရသည်...။အပြန်လမ်းတစ်လျှောက်လုံးမှာ ကျန်သူငယ်ချင်း ၅ယောက်ကလဲ ရယ်စရာ ဟာသတွေပြောကြ ၊ ရည်မှန်းချက်ကိုယ်စီနဲ့ ဘ၀အတွက် plan တွေချကြနဲ့ .... ၁၀တန်းကျောင်းသားလေးတွေတုန်းကလို ငယ်မူပြန်နေကြပြန်ပါသည်...။သူ့ရဲ့ ရည်မှန်းချက်ကတော့ Final Examဖြေပြီးတဲ့ အခါ ထိုင်းနိုင်ငံရဲ့ နံမည်ကြီး တက္ကသိုလ်တစ်ခုမှာ သူ နဲ့ ကျမတို့ နှစ်ယောက် အတူတူ Master ဆက်တက်နိုင်ဖို့ ပြင်ဆင်ကြမည်တဲ့ ......။ကျမကလဲ ခါးခါးသီးသီးကို ဆန့်ကျင်ခဲ့ဘူးပါသည်...။ “မတက်ချင်တော့ပါဘူး ကောင်း ရယ်... ကောင်းတစ်ယောက်ထဲပဲ သွားပေါ့ ...မိုးက အရာရှိစာမေးပွဲလေးဖြေပြီး ဒီမှာပဲ လက်ထောက်အင်ဂျင်နီယာလောက်နဲ့ အေးအေးဆေးဆေးနေချင်တာ...နိုင်ငံခြားလည်း မသွားချင်ဘူး...ဘာကျောင်းမှလည်း မတက်ချင်တော့ဘူး”လို့ ပြောတဲ့အခါ.....
ကောင်းကတော့ ထုံးစံအတိုင်း ကျမနဲ့လည်း အတိုက်အခံမပြောတော့ပဲ ပြုံးလို့သာ နေခဲ့ပါတယ်...။ ကျမချစ်သူက အေးအေးလေးနဲ့ သူဖြစ်ချင်တာကို မရ ရအောင် ကြိုးစားတက်တဲ့ အဲဒီလို ခေါင်းမာလွန်းသော ကောင်လေးတစ်ယောက်လည်းဖြစ်ပါတယ်.....။

(၃)
စတုက္ထနှစ်စတက်တော့ သူရဲ့ရည်မှန်းချက်တွေအတိုင်း စတင်အကောင်အထည်ဖော်ခဲ့သလို စာလည်းအသည်းအသန်ကြိုးစားခဲ့တယ်....။နောက်ဆုံးနှစ် စာမေးပွဲတွေမဖြေခင်မှာတော့သူ့ရဲ့ကျန်းမာရေးကပါ စတင်ဖောက်လာခဲ့တာဖြစ်သည်...။အစပိုင်းကတော့ ရိုးရိုး ပဲ ဖျားလိုက် ပြန်ကောင်းလာလိုက် နဲ့ ဒီတစ်ခါတော့ အဖျားပါတာရှည်လာပြီး သူ့ကိုဆေးရုံတင်လိုက်ရတော့သည်။သူက အရင်ကတည်းကတော့ ငှက်ဖျားရှိတယ်လို့ ပြောဘူးပေမယ့် အမှတ်တမဲ့ ပဲနေခဲ့မိသည်...။နောက်ပိုင်းမှာလည်း ဆေးရုံ နဲ့ အိမ် အလှည့်ကျ နေနေရတော့သူလဲ တော်တော်ပိန်သွားခဲ့တယ်..။ လူကသာ သိသိသာသာပိန်ကျသွားခဲ့ပေမယ့် အနာဂတ်မျှော်မှန်းချက်တွေနဲ့ တောက်ပနေတဲ့ သူ့မျက်ဝန်းလေးတစ်စုံကတော့ လင်းလတ်နေမြဲ...တောက်ပနေမြဲ......။ ကျန်းမာရေးချူချာနေတော့လည်း သူ့မှာ စာကိုတော့ ကောင်းကောင်းမကြည့်နိုင်တော့ပါ။ကျမကပဲ လက်ချာတွေ လိုက်ပေး စာတွေပြန်ရှင်းပေးနဲ့ သူကတောင် ဆရာမလေး လို့ ကျမကို စ”ခဲ့သေးသည်လေ......။ သူငယ်ချင်းအင်အားကလဲတောင့်တဲ့အပြင် သူ့ရဲ့ ညီဝမ်းကွဲလေးတွေပါ နောင်ချိုကနေလိုက်လာကြတယ်...။ ။သူ့မေမေ နဲ့ ကျမကတော့ တော်တော်လေးစိတ်ပင်ပမ်း၊လူပင်ပမ်းမှုတွေ များလှပါသည်။စာမေးပွဲဖြေဖို့ ၃ရက်အလိုမှာတော့ ဆေးရုံကဆင်းခဲ့ကြပြီး....သူပိုင်ဆိုင်တဲ့ ၁ထပ်တိုက်ပုပုလေးဆီ ပြန်လာခဲ့ကြတယ်..။ဝင်းဝါဖျော့တော့နေတဲ့ သူလက်လေးတွေကို ထွေးပိုက်ရင်း ကောင်း .... သက်သာရဲ့လားဟင် ”လို့ ကျမ ကမေးလိုက်တော့ သက်သာပါတယ် မိုး ရယ်....လို့ဖြေပြီးပြုံးလို့သာ ကျမကိုကြည့်နေခဲ့တယ်....။နေမကောင်းတဲ့ ကြားကပဲ သူတတွတ်တွတ်ပြောနေခဲ့ပြန်တယ်
“မိုး ကိုယ့်ကိုချစ်ရင် ကိုယ်နဲ့ အတူကျောင်းလိုက်တက်ပါနော်...တဲ့.......။ ကိုယ်တို့ ဘယ်တော့မှ မခွဲကြေးလေ ...နော်...တဲ့။
ကျမ မျက်ရည်လည်နေတဲ့ကြားက ပဲ ...ကျမချစ်သူလေး ကျေနပ်ပျော်ရွှင်ဖို့ ခေါင်းငြိမ့်ဖြစ်ခဲ့ပါသည်...။“မငိုပါနဲ့ မိုး ရယ်...ကိုယ်နေကောင်းတော့မှာပဲ... ဘယ်တော့မှ အားမငယ်ရဘူးနော်.....မိုး ရဲ့အနားမှာ အမြဲတမ်း ကောင်း ရှိနေတာပဲ.....တဲ့ .....သူက အဲဒီလို အချိန်မျိုးမှာတောင် ကျမကို အားပေးနှစ်သိမ့်ပေးနိုင်ခဲ့သောချစ်သူ.......။နောက်ဆုံးနှစ်စာမေးပွဲကိုတော့ သူဖြေလို့မရတော့တာ သေချာပါသည်....ဆရာဝန်ကြီးတွေကလည်း ခွင့်မပြုပါ...။သူ့ကို အလွန်ပြင်းထန်တဲ့ ငှက်ဖျားပိုးက နှိပ်စက်နေပြီး... ဦးနှောက်ထဲကိုပါ ၀င်နိုင်တယ်တဲ့။ စိတ်တွေလည်း ကယောင်ခြောက်ချားနဲ့ ကျမပါ ဒီနှစ် စာမေးပွဲကို မဖြေတော့ဖို့ တိုးတိုးတိတ်တိတ် လူကြီးတွေကို ပြောလိုက်တယ်။ ကောင်း ဖေဖေ နဲ့ မေမေ ကလုံးဝ လက်မခံပါ...။ကောင်း သိရင်လဲ လက်ခံနိုင်လိမ့်မည် မဟုတ်လို့ ပြင်းပြင်းထန်ထန် ပြောလာကြသည်...။ အိမ်ကိုပါ အကြောင်းကြားလိုက်ပုံ ရပါတယ်...စာမေးပွဲနား နီးတော့ ကျမ အမေပါ ရွာကနေ လိုက်ချလာတော့ အမေ့ကိုပါ ငဲ့ကွက်ပြီး စာမေးပွဲ ပြန်ဖြေဖို့ ပြင်ဆင်ရပြန်ပါသည်။
စာမေးပွဲညတွေမှာလည်း စာကြည့်ရင်း နဲ့ အိပ်ပျော်နေတဲ့ သူအနားမှာပဲ မိုးလင်းခဲ့ရတာများသည်..။ အိပ်ပျော်နေရှာတဲ့ သူက တစ်ခါ တစ်ခါ ကယောင်ချောက်ချားတွေ ပြောနေတက်တယ်..။
“ကောင်း ကို ဘယ်တော့မှထားမသွားရဘူးနော်......မိုး....တစ်ကယ်လို့များ မိုး က ထားသွားရင် ငါတစ်ယောက်ထဲဒီနေရာလေးမှာ ငိုမိလိမ့်မယ်ထင်တယ် “မိုး ရယ် တဲ့.......” အပြင်မှာလည်း စ သလို နောက်သလို နဲ့ သူပြောခဲ့ဘူးတဲ့ စကားလေးတွေပေါ့...။ကျမ ရဲ့ စာမေးပွဲ ၅ရက်မြောက်တဲ့နေ့မှာတော့ ကောင်းကိုရုတ်ရက်ဆေးရုံပြန်တင်လိုက်ရတယ်...။သူ .....ဘာကိုမှ သတိမရတော့ပါ .... သူသိပ်ချစ်ပါတယ်လို့ ပြောခဲ့ဘူးတဲ့ ကျမကိုလည်း အရင်ကလို ပြုံးပြဖို့ မစွမ်းနိုင်တော့ပါ ....။ အရာအားလုံးနဲ့ ဝေးကွာသောအရပ်ကို သူရှာဖွေနေခဲ့ပြီလား ....။မထင်မှတ်ခဲ့တဲ့ ညနေစောင်းလေးတစ်ခုမှာတော့ သူသိပ်ချစ်တဲ့ ကျမ... ပြီးတော့ သူ့ရဲ့ မိဘနှစ်ပါးထံတို့ထံမှ နှုတ်မဆက်နိုင်ပဲ ရုတ်တရက် ထွက်ခွာသွားခဲ့ပြီဖြစ်သည်.....။ ကျမရဲ့ ကမ္ဘာကြီးတစ်ခုလုံး ပြိုပျက်သွားသလို ခံစားလိုက်ရသည်။ မျှော်လင့်ချက်တွေ မဲ့ခဲ့ရသည် ..... ။ သူမရှိတော့တဲ့ အနာဂတ်လမ်းတွေမှာ စမ်းတ၀ါးဝါးဖြစ်ခဲ့ရသည်...။ အဲ့ဒီ့ အချိန်ရောက်မှ သူဟာ ဘယ်လောက်ထိ ကျမဘ၀မှာအရေးပါခဲ့သလည်းဆိုတာ သိလိုက်ရပါတယ် .... ။ ရင်ခွင်ထဲမှာ ခေတ္တမှေးစက်နေတဲ့ ကလေးငယ်လေးတစ်ယောက်ကို နိုးသွားမှာ စိုးမိသလိုမျိုး ကျမ ရင်ခွင်ထက်မှာ စိတ်ချစွာ အပြီးတိုင် မှေးစက်သွားခဲ့တဲ့ ချစ်သူလေးကို ကျမ အားရကျေနပ်အောင် အချိန်အကြာကြီး ကြည့်ခဲ့တယ် .... ငါမငိုပါဘူး ကောင်းရယ် .... နင်ငါ့ကို ထားသွားခဲ့တာမှ မဟုတ်ပဲ....ငါဘယ်တော့မှ အားမငယ်ပါဘူး ..... ငါ့နောက်မှာ နင်တစ်ယောက်လုံး ရှိနေတာပဲ .....။နင်သာ တစ်ကယ်သေသွားခဲ့မယ်ဆိုရင် ငါ့ကိုလဲ မထားခဲ့ရဘူးနော် ..... ငါမနေခဲ့ ပါရစေနဲ့ဟာ...နင်မရှိတဲ့ဘ၀မှာ ငါ...ငါ......
“သမီး.....သမီးလေး မိုး ........ငိုချလိုက်ပါ သမီးရယ် အမေ မကြည့်ရက်ဘူး သမီး တစ်ခုခုဖြစ်သွားလို့ မဖြစ်ဘူး .....သမီးမိုး စိတ်ကို လျှော့ချလိုက်ပါ သမီး ရယ်........စသည့်ဖြင့် ပြောဆိုနေကြတဲ့ စကားသံများ ... လူသံများနဲ့ဝေးရာကို ........ မသိစိတ်ထဲမှာ ခဏတာ မျောပါသွားရင်း ......ဖြစ်ပေါ်လာတဲ့ ရင်ထဲက သိစိတ်တိုင်းမှာတော့ ချစ်သူ ကောင်း ကို ရှာဖွေရင်းနဲ့........................................................။

(၄)
ကျမဘယ်လောက်တောင် တွေးနေခဲ့သလဲမသိ...ကျမ စိတ်တွေဘယ်လောက်တောင် အတိတ်ဆီကို လွင့်မြောနေခဲ့လဲမိလည်းမသိ........ “မိုး ရယ်...နင်တော်တော်ပင်ပမ်းနေပြီ... ဒို့တွေ သွားကြစို့နော်... ” လို့ ထားရဲ့ စကားသံကို ကြားမှပဲ ကျွန်မ ဘယ်လောက်တောင်အတွေးလွန်နေမိလည်း မသိ...ဘယ်လောက်ထိ သတိလက်လွတ်ငိုရှိုက်နေခဲ့မိသလဲမသိပါ....ခုမှပြန်ဆုံဆည်းကြတဲ့ သူငယ်ချင်းတွေကိုတောင် စကားတွေပြောဖို့ ပျက်ကွက်နေမိပြီ....အတွေ့အကြုံတွေ ဖလှယ်ကြဖို့ မေ့ပျောက်နေမိပြီ...ဘာတွေဖြစ်ကုန်ပြီလည်း ကျမ မသိတော့ပါ...။ ဘာပဲဖြစ်ဖြစ် ဒီကနေ့အထိ မိုး နဲ့ ကောင်း ကို အမြဲယှဉ်တွဲ မြင်နေကြဦးမယ်ဆိုရင် တော့ မိုးရင်ထဲကိုလဲ သူငယ်ချင်းအားလုံး စာနာနားလည်ပေးနိုင်ပေလိမ့်မည်...ဟု ကျမယုံကြည်ပါသည်...။
အဲဒီနေ့က အခမ်းနားလေးကို စည်ကားစွာ ကျင်းပပြုလုပ်ပြီး ... ဆရာကန်တော့ပွဲ အခမ်းနားလေးပါ ကျင်းပကြပါသည်....။ဆရာကန်တော့ပွဲမှာ အလှည့်ကျ ဘ၀အတွေ့အကြုံလေးတွေ ဆွေးနွေးဖလှယ်ကြရင်း ဘ၀နဲ့ ပတ်သက်ခဲ့တာလေးတွေ ... နိုင်ငံရပ်ခြားက ကျောင်းသားဘ၀ရဲ့ ကြိုးစားရုန်းကန်ခဲ့ရသော ခက်ခဲကြမ်းတမ်းသည့် ဘ၀အတွေ့အကြုံလေးတွေ.... နောင်အနာဂတ်ရဲ့ ရည်မှန်းထားမှုလေးတွေ....စသည်ဖြင့် အလှည့်ကျ အမှတ်တရစကားလေးတွေအဖြစ် ပြောကြားကြရသည်။ ကျမအလှည့်မှာတော့ သူများနဲ့နည်းတူ အတွေ့အကြုံလေးတွေကို ပြောကြားရင်း တစ်ချိန်က ဆရာကြီး၊ဆရာမကြီးတို့အပေါ်တွင် သူငယ်ချင်းများ၏အပေါ်တွင် မတော်တဆမှားခဲ့သည့် အပြုအမူမျိုးရှိခဲ့သော် ခွင့်လွှတ်နားလည်ပေးကြပါရန် ကျမအတွက်ရော... တမလွန်ဘ၀မှ ကျောင်းသားဟောင်းလေး “ကောင်း ရဲ့ ကိုယ်စားပါ ဝေန်ချတောင်းပန်ခဲ့ပါသည်....။ မျက်ရည်မဆည်ကြနိုင်ရှာတဲ့ ငယ်ဘ၀မှ ဆရာကြီး၊ဆရာမကြီးများ ....... ချစ်သူငယ်ချင်းများ........အားလုံးကို ၀မ်းနည်းကြေကွဲစွာဖြင့် နှုတ်ဆက်ခဲ့ပါတယ်.....။
ရှိသမျှခွန်အားတွေနဲ့ အားလုံးကို ပြန်လည်နှစ်သိမ့်ဖို့ ငါတစ်ယောက်ထဲ ခက်ခဲစွာကြိုးစားခဲ့ရတယ် ကောင်းရယ် ....။ စနစ်တကျ စီစဉ်ထားကြတဲ့ မြို့ခံ သူငယ်ချင်းတွေ ၊ ငါ့လိုပဲ မဖြစ်မနေရောက်အောင်လာကြတဲ့ နယ်အသီးသီးမှာ တာဝန်ထမ်းနေကြရတဲ့ ချစ်သူငယ်ချင်းတွေ ...အသက်တွေသာ ကြီးလာကြပေမဲ့ ဘယ်အရာမှပြောင်းလဲမသွားကြပါဘူး။ ငယ်ငယ်တုန်းက စရိုက်ကလေးတွေ အတိုင်း ခုလိုမြင်တွေ့လိုက်ရတာ .... ရင်ထဲမှာ အဆတစ်ရာမက ကျေနပ်ကြည်နူးမှု ရခဲ့သလို .... ရင်ဘတ်ထဲမှာလည်း အဆပေါင်းများစွာ ငိုရှိုက်ကြေကွဲခဲ့ရတယ်.....။
ခုချိန်မှာ နင်ရှိနေခဲ့ရင်ရော ဘယ်လို နေရာမျိုးမှာ ပါဝင်လှုပ်ရှားနေမှာပါလိမ့်.......။ အခုတော့ နင်ကပဲ ငါ့ကို ထားသွားခဲ့တာပါ .... ငါကပဲ ဒီနေရာလေးကို မရောက် ရောက်အောင်လာခဲ့ရတာပါ.....အခါခါ ငိုခဲ့ရတာကလဲ ငါပဲ ဖြစ်နေခဲ့တာပါ..... ကောင်း ရယ်...။ လောကကြီးက မတရားဘူးဟာ...နင့်လို အစစအရာရာပြည့်စုံလွန်းတဲ့သူက လောကကြီးထဲကနေ စောစောထွက်သွားပြီး နင့်တစ်ယောက်ထဲကိုပဲ ပိုင်ဆိုင်ခဲ့ဘူးတဲ့ ငါကတော့ ဆုံးရှုံးမှုတွေနဲ့ လောကကြီးထဲမှာ ယနေ့ထက်ထိ ရုန်းကန်နေရဆဲပဲ...။ နေ့ရက်တွေသာကြာခဲ့ပေမယ့် .... ရာသီတွေသာ အလီလီပြောင်းခဲ့ပေမယ့် ငါ့ရင်ထဲက နင့်အတွက် အလွမ်းတွေကတော့ ဘယ်တော့မှဟောင်းနွမ်းလို့မသွားခဲ့ပါဘူးကွယ်...။
“ကောင်း ရေ ... နင်ဘယ်ဆီကိုများ ရောက်နေခဲ့သလဲ....”
အလွမ်းတွေ တစ်နင့်တစ်ပိုးနဲ့ ငါ့ဘ၀ရဲ့ နေ့ရက်တိုင်းမှာ ရိုးမသွားတဲ့ ခံစားချက်တွေနဲ့ ငါနင့်ကို တမ်းတခဲ့တာလဲ.... တစ်ရက်မှမပျက်ကွက်ခဲ့ပါဘူးဟာ....

(၅)

“မိုး ”လို့ခေါ်တဲ့ ကျမ နဲ့ “ကောင်း” လို့ ခေါ်တဲ့ ကျမချစ်သူ ကောင်လေးတစ်ယောက်ကို အထက်တန်းစမတက်ခင် နွေရာသီတစ်ခုရဲ့ ဟောဒီ့တမာပင်လေးအောက်မှာပင် ကံကြမ္မာက စတင်လို့ ဆုံဆည်းစေခဲ့ပါသည်....။ကောင်းတို့ မိသားစုက ရှမ်းပြည်နယ်တောင်ပိုင်းမှာနေထိုင်ကြပြီး ...ကျမရဲ့ မွေးရပ်ဇာတိကတော့ အညာမြေရဲ့မဖွံ့ဖြိုးသေးသောတစ်နေရာမှ ကျေးလက်ရွာလေးတစ်ရွာဖြစ်သည်.....။ကောင်း လို့ခေါ်တဲ့ ကျမချစ်သူလေးက မျက်ခုံးမွေးထူထူကွေးကွေးလေးရဲ့ အောင်မှာတောက်ပတဲ့ မျက်ဝန်းလေးတစ်စုံကိုပိုင်ဆိုင်ပြီး..အသားလေးက၀င်းဝါစိုပြည်ကာ သူ့ရဲ့စိတ်ထားလေးကလဲ ထာဝရနုညံ့သိမ်မွေ့နေတဲ့ ရှမ်းတိုင်းရင်းသားလေးတစ်ယောက်ဖြစ်သည်။“....မိုး လို့ခေါ်တဲ့ကျမ ကတော့ အသားကညိုညက်ညက် ...ပါးကွက်ကျားလေးတစ်ဖက်တစ်ချက်ကို ဘယ်တော့မှ အပျက်မခံတက်တဲ့...မျက်ခုံးမွေးထူထူအောက်မှာ မကျေနပ်ချက်တွေနဲ့ ဘုကြည့်ကြည့်တက်သော ခပ်ထက်ထက် ခပ်စွာစွာ အညာသူလေးတစ်ယောက်ဖြစ်သည်......။ ဒီလောက်မတူညီတဲ့ စရိုက်နှစ်ခုကြားမှာ အထူးခြားဆုံးကတော့ ကောင်း က မိုး လို့ခေါ်တဲ့ ကျမကို သူငယ်ချင်းလေးလို ညီမဆိုးလေးတစ်ယောက်လို ... ချစ်သူလေးတစ်ယောက်လို မယုံနိုင်စရာကောင်းလောက်အောင် ချစ်ခင်တွယ်တာတက်တဲ့ ချစ်သူလေး တစ်ယောက်လဲဖြစ်တယ်.......။ အဲဒီလိုပဲ ကျမ ကလဲ ကောင်း နဲ့ ပတ်သတ်လာတဲ့ အရာရာတိုင်းကို ချစ်သလို အကောင်းမြင်ပြီး သူတစ်ပါးကို ကူညီတက်တဲ့ အလေ့အကျင့်လေးတစ်ခုကိုပါ ရရှိလာအောင် ကောင်း ကပဲ လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်.....။ ကျေးဇူးပါပဲ ကောင်းရယ် ခုဆိုရင် မိုး ဆိုတဲ့ နင့်ချစ်သူကောင်မလေးက အရာရာကို သီးခံတက်တဲ့ .... မလိုအပ်ပဲ စကားပိုတွေမပြောတက်တက်တဲ့ ... သူတစ်ပါးကို အားပေးကူညီတက်တဲ့ ... ဘ၀ရည်မှန်းချက်တွေမြောက်များစွာနဲ့ .... မိန်းမတစ်ယောက် အဖြစ် လောကကြီးမှာ ကိုယ့်ဘ၀ ကိုယ်တည့်မတ်စွာရပ်တည် နေခဲ့ပြီ ကောင်း ရေ......။ တစ်မလွန် ဘ၀က ချစ်တဲ့ ကောင်းတစ်ယောက် ... မိုး အတွက်ကျေနပ်ဂုဏ်ယူနေခဲ့လား....ဒါမှမဟုတ် အကွေ့အကောက် အနိမ့်အမြင့်တွေများတဲ့ လောကအလည်မှာ ... ခက်ခဲပင်ပမ်းစွာလျှောက်လှမ်းနေရတဲ့ မိန်းမသား တစ်ယောက် ကို ၀မ်းနည်းစိတ်မကောင်းခြင်းများစွာနဲ့ စောင့်ကြည့်နေခဲ့မလား ... ။ဘယ်လိုပဲဖြစ်ဖြစ် မိုး ကျေနပ်ပါတယ် ...သိပ်ကို တိုတောင်းလှပါတယ်ဆိုတဲ့ လူ့ဘ၀ကြီးမှာ ... အဓိပါယ်ရှိစွာ ရှင်သန်နိုင်ဖို့ ကောင်း ရည်မှန်းထားတဲ့ ဖြောင့်မတ်တဲ့ လမ်းကြောင်းလေးအတိုင်း မိုး ရဲဝံ့စွာ လျှောက်လှမ်းနေပြီကောင်းရေ....အနားမှာ ကောင်း မရှိခဲ့ပေပယ့် မိန်းမတစ်ယောက်ရဲ့ ရှိသမျှခွန်အားလေးနဲ့ ဆိုပါတော့......။ တစ်ခါတစ်လေမှာတော့ အားငယ်မိတာပေါ့ ကောင်းရယ်....။လဲကျလို့ မသွားအောင် ထူမတ်လို့ပေးနိုင်မဲ့ နင့်ရဲ့ လက်တစ်စုံ တမ်းတရင်း.......ငါ့ကိုယ်ငါပဲ ထူမတ်ခဲ့ရတာလည်း အခါခါပေါ့.....။ မန္တလေးရဲ့ နှုတ်ဆတ်ခဲ့သော နောက်ဆုံးတစ်ညတာမှာ ကောင်း ရေ...နင့်ရဲ့ အငွေ့အသက်လေးတွေကို လဲ နှုတ်ဆက်ခဲ့ပါရစေ.... ကောင်း ချစ်တဲ့ တမာတန်းလေးတွေနဲ့ ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်တဲ့ ဟောဒီ့ ခုံတန်းယားလေတွေ ... ဘယ်တော့မှ ရောက်လာဦးမယ်ဆိုတာ မသေချာသေးတဲ့ မိုး အတွက် နောက်ဆုံး ဆိုတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့ ကောင်း ရယ်....။ ငါ...ဆုမတောင်း ဖြစ်ခဲ့ပါဘူးဟာ... လွဲကြရဦးမဲ့ အမှားတွေကိုလဲ ထပ်မကြုံချင်တော့လို့ပါ .....။
နောက်တစ်နေ့ညနေမှာတော့ သူငယ်ချင်းတွေ အားလုံး တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ကာ မိမိတို့လိုရာခရီးဆီသို့ ဦးတည်ခဲ့ကြပါသည်......။

အစကတည်းက ကျမတို့ အားလုံးဟာ မတူညီတဲ့ အရပ်ဒေသတွေ ကနေ လာရောက် ပညာသင်ယူကြရသည်...။နောက်ဆုံးမှာလည်း မတူညီတဲ့ ဒေသတွေဆီသို့ တစ်လမ်းဆီ ခရီးဆက်ခဲ့ကြရသည်...။မထင်မှတ်တဲ့ အချိန်မှာ ပြန်လည်ဆုံဆည်းခဲ့ကြပြန်သည်......။ ကျမသည်လည်း မရေရာသော အနာဂတ်တစ်ခုဆီသို့ ဆက်လက်ထွက်ခွာရပေဦးမည်....။


နှင်းဟေမာ
22 Jun 2009 1:01 pm

1 comments:

ဝေမာထွေး said...

မမဟေမာ ~~ညီမလေး လာလည်သွားတယ်နော် ။ ဒီလောက် အလုပ်တွေ မအားမလပ် လုပ်၊ သင်တန်းတွေ ညဘက်တက်နေရတာတောင် အချိန်ယူပြီး ဒီ ဘလော့ခ်ကို ဖြစ်မြောက်အောင် ဖန်တီးနိုင်တဲ့ မကို ညီမ ချီးကျူးပါတယ် ။လေးလည်း လေးစားအားကျမိပါတယ်။ တမ်းတသူ၏ မှတ်တမ်းကို ဖတ်ရတော့ ကောင်းကိုတောင် ညီမရဲ့ ချစ်သူလို့ ခံစားမိပြီး ၀မ်းနည်းသွားတယ်။တကယ် ။ မ အရေးအသားကောင်းလွန်းလို့လေ ။ ^_^
နောက်နေ့တွေလည်း မ ရဲ့ အိမ်လေးကို ခဏခဏ လာလည်မယ်နော် ။။